Tuesday, 28 February 2012

ဝေဝေဝါးဝါး.....

ဝေဝေဝါးဝါး.....


ဒီPost လေးကိုအဓိကအားဖြင့် တက်သစ်စလူတွေအတွက် ကျွန်တော်
ဒီလောကထဲဘယ်လိုဖြတ်လျှောက်လာခဲ့တယ်ဆိုတာလေးနဲ့တွဲပြီးရေးချင်ပါတယ်။
တက်သစ်စလူငယ်တွေဆိုတော့လည်း ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ပါပဲ။
Beginner of Beginner လို့သတ်မှတ်ရမှာပဲ။

ကျွန်တော် ဒီအိုင်တီ နယ်ပယ်ထဲကို ၂၀၀၈ လောက်ကတည်းကစရောက်ဖြစ်တယ်။ MZ
ကျေးဇူးကြောင့်ပေါ့ဗျား။ အမ်ဇက်ကြောင့်
လူတော်တော်များများနဲ့ခင်ခွင့်ရပြီး တော်တော်များများသင်ယူဖြစ်ခဲ့ပါတယ်။
အဲဒီအရင်တုန်းက Company တစ်ခုမှာလုပ်ရင်း ညဖက် အိမ်မပြန်ချင်သေးရင်
အင်တာနက်တွေသုံးဖြစ်တာပေါ့၊ အဓိကတော့ Chatting သုံးဖြစ်တာပေါ့၊ နောက်တော့
သူငယ်ချင်းဆိုင်မှာ လုပ်ဖြစ်တော့ အင်တာနက် ဆိုတာကို ပိုသိခဲ့တယ်။
ကိုယ်တစ်ခုခုသင်ယူဖို့အတွက် The Best Resource ဆိုတာလည်းသိခဲ့ရတယ်။ HTML
စသင်တယ်၊ မသိတာရှိယင် ကိုစေတန်တို့ကိုမေးတယ်၊ ပြန်လုပ်ကြည့်တယ်၊
မကျွမ်းတကျွမ်းအချိန်မှာ CSS သင်ဖြစ်တယ်၊ ဒါတွေအားလုံးက W3School နဲ့
Html dog ကိုသုံးပြီးသင်ခဲ့တာနော်၊ သူများသိသလောက် ကိုယ်မသိပေမယ့်၊
ကိုယ်သိချင်တာလေးတွေတော့ရလိုက်တယ်၊ နောက်တော့ PHP သင်ကြည့်ဆိုတော့
သင်တယ်၊ အဲဒီမှာ ပြသာနာကစတာပဲ၊ ကိုယ်က ကွန်ပြူတာကျောင်းဆင်းမဟုတ်တော့၊
ကုဒ်ဆိုတာလည်း အခုမှသိတာ၊ အရင်ကတည်းက သင်တန်းဆိုလို့ မယ်မယ်ရရ
နှစ်ခုပဲတက်ဖူးတာ၊ Basic ရယ်၊ Graphic ရယ်၊ အဲဒါနဲ့မဖြစ်သေးပါဘူးလို့၊
Java Script ကို ပြန်ကြိုးစားသင်ကြည့်တယ်။ ဘယ်လိုမှမဖြစ်ဘူး၊
အဲရာတက်လာရင် အဲဒီအဲရာကိုလိုက်ရှာရတာလောက်ပင်ပန်းတာမရှိဘူး၊
အဲဒါနဲ့လက်လျော့သွားပြီး၊ အလုပ်ကနေလည်းထွက်လိုက်တယ်၊ ကိုယ်
ဘာဖြစ်ချင်လဲဆိုတာပဲသေချာစဉ်းစားကြည့်မယ်ဆိုပြီးထွက်လိုက်တယ်၊
တစ်နှစ်ကျော်ကျော်လောက် ဒီနယ်ပယ်ထဲကလူတွေနဲ့ မဆက်သွယ်ပဲ၊ ကိုယ့်ဟာကိုယ်
အိမ်မှာပဲစားလိုက်သောက်လိုက် အိပ်လိုက် လုပ်ဖြစ်တယ်၊ Education
ဆိုင်တဲ့အပိုင်းကျတော့ AC ပဲသွားဖြစ်တယ်၊ စာအုပ်တွေပဲဖတ်ဖြစ်တယ်။ AC မှာ
PHP နဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ရတော့ အဒီစာအုပ်ထဲမှာ Sample ပြထားတဲ့
Project က အဲဒီအစ်ကိုလိုချင်နေတဲ့ပရောဂျက်ဖြစ်လို့
သူ့ဆီမှာနေ့တိုင်းသွားပြီးရေးဖြစ်တယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။
တစ်ဝက်လောက်မှာကိုယ်တွေလည်းမသွားနိုင်တာနဲ့၊ သူလည်း ဘိုင်ပျက်သွားတာနဲ့
တိုက်ဆိုင်ပြီးနားဖြစ်တယ်။ အဲဒီအချိန်ထိ PHP ဆိုတာက အလွတ်မရပေမယ့်၊
ကြည့်လိုက်ရင် ဘာအတွက်သုံးတယ်၊
ဘယ်လိုအလုပ်လုပ်တယ်ဆိုတာတွေတော့နည်းနည်းပါးပါးသိခဲ့တယ်။ အလုပ်မလုပ်တာလည်း
တစ်နှစ်ကျော်သွားတော့ အိမ်ကလည်း ပြော၊ ကိုယ်တွေလည်း ဘိုင်ပျက်ဆိုတော့
အလုပ်ပြန်ရှာဖြစ်တယ်။ အလုပ်ပြန်ရှာတော့ ဘယ်နေရာမှာမှ အဆင်မပြေဘူး။
အဲဒီတော့ ဦးလေးကို အကူအညီတောင်းတော့ Petronas မှာရှာပေးတယ်။ CV
တင်ခဲ့တယ်။ ဒါပေမယ့် အဲဒီက
လူတွေပြောတဲ့စကားကိုကြားပြီးတော်တော်စိတ်ပျက်သွားတယ်။ ကိုယ့်အရှေ့မှာ
လျှောက်ထားတဲ့ လူပေါင်း ၁၀၀၀၀ လောက်ရှိတယ်တဲ့။
နောက်တော့ လမ်းထိပ်က ဆိုင်မှာပဲ ဝင်လုပ်ဖြစ်ခဲ့တယ်။ AC မှာတုန်းက
ကိုယ်အကြံပေးပြီးလုပ်ခဲ့တဲ့ ပရောဂျက်လေးတစ်ခုရှိတယ်။
အင်တာနက်ပြန်သုံးရတော့ အဲဒီပရောဂျက်ပေါ် အချိန်ပိုပေးပြီး
လက်စသတ်ပေးခဲ့တယ်။ နောက်ဆုံးတော့ ပြီးသွားပါပြီ။ ဒါပေမယ့် Activity
တော့နည်းတယ်။ ထားပါလေ။

အဲဒါပြီးတော့ ကိုယ့်အတွက်ပြန်စဉ်းစားဖြစ်တယ်။ ငါဘာပြန်လုပ်မလဲပေါ့။
ပထမဆုံးစဉ်းစားမိတာကတော့ Online discussion ပါ။ MZ ကနေဦးစီးပြီးတော့
ဆွေးနွေးပွဲတွေ တစ်လတစ်ခေါက်လောက် လုပ်ဖြစ်ခဲ့ပါတယ်။ နောက်တော့
ဘားကမ့်နဲ့ပတ်သတ်ပြီး discussion လုပ်နေရင်း အဆဲခံထိတော့
တင်းသွားပြီးမလုပ်ဖြစ်တော့ဘူး။ ဒီအတိုင်းပဲဟိုလုပ်ဒီလုပ်နေဖြစ်တယ်။
နောက်တော့ အိုင်ဒီယာလေးတစ်ခုရသွားတယ်။ အဲဒီ အိုင်ဒီယာကို
အကောင်အထည်ဖော်ဖို့ စာတွေစလေ့လာပါတယ်။ စပြီးအကောင်ထည်ဖော်ဖြစ်တယ်။
အားလပ်ချိန်လေးတွေမှာ အဲဒီအတွက်ပဲစဉ်းစားပြီးလုပ်ဖြစ်တယ်။
လုပ်ရင်းလုပ်ရင်း လိုအပ်နေတာလေးတွေသိရတော့ ebook လေးတွေဒေါင်းလိုက် video
လေးတွေဒေါင်းလိုက်နဲ့လုပ်ဖြစ်တယ်။ သိသင့်သလောက်သိခဲ့ပြီဆိုတော့
ပြန်လုပ်တယ်။ ၈ လကျော်လောက်ကြာတော့ Raw လေးထွက်ဖြစ်တယ်။ အဲဒီအချိန်မှာ
တစ်ချို့လူတွေနဲ့တိုင်ပင်ဖြစ်ခဲ့တယ်။ သူတို့က ဟိုဟာမကောင်းသေးဘူး။
ဒီဟာမကောင်းသေးဘူး၊ ပြောတော့ စိတ်ဓာတ်ကျ၊ ပြန်လေ့လာဖြစ်တယ်။ အဲဒီလိုနဲ့
နောက်ပိုင်းကျတော့ marketing ဆင်းဖြစ်တယ်။ ဒါပေမယ့်
ကြိုက်တဲ့လူမတွေ့တာနဲ့ပဲ စိတ်တွေလေပြီး ဆက်မလုပ်ဖြစ်တော့ဘူး။ ဒါပေမယ့်
အဲဒီပရောဂျက်အပေါ်လက်လျော့ပြီလားဆိုတော့ လက်မလျော့သေးဘူး။
ကိုယ်မသိတာတွေကို သိအောင် ပြန်လုပ်လိုက်ဦးမယ်။ ပြီးတော့မှ
ပြန်လုပ်မယ်ပေါ့။ အခုတော့လည်း ဟိုလုပ်လုပ် ဒီလုပ်လုပ်ပါပဲ။ နောက်လထဲမှာ
Ubuntu Language Pack က ပိတ်တော့မယ်၊ အဲဒီအတွက်လည်း လာမယ့် မတ်လမှာတော့
အဲဒါလေးကို ပိုအားထည့်ပြီးလုပ်လိုက်ဦးမယ်။

အပေါ်ကတော့ ကျွန်တော်ဖြတ်သန်းလာခဲ့သမျှပေါ့၊ လူငယ်တွေကို အဓိကပြောချင်တာက
ကိုယ် ဘာကိုစိတ်ဝင်စားလဲ၊ ကိုယ်တကယ်စိတ်ဝင်စားတာကို မှလုပ်ပါလို့။
ဘားကမ့်မှာ လူငယ်တော်တော်များများကိုတွေ့ဖြစ်တယ်။
သူတို့တွေကိုမေးကြည့်တယ်။ ဘာဖြစ်ချင်လဲဆိုတော့ ဟက်ကာ တဲ့။
ဟက်ကာဆိုတိုင်းကောင်းတာမဟုတ်ဘူး။ ကျွန်တော် ဟက်ကာ ဆိုတဲ့စကားလုံးကို 2006
လောက်တုန်းက ဗိုလ်တထောင်က ရာစုသစ်ဌာ(ယခု NMC) မှာ Member Access
သုံးနေတုန်းမှာ အစ်ကိုတစ်ယောက် စပြောမှသိဖြစ်တယ်။ သူပြောသွားတာတွေက White
Hacker နဲ့ Black Hacker ဆိုတာရှိတယ်။ White က ဘာတွေလုပ်လဲ၊ Black
ကဘာတွေလုပ်လဲ စသည်ဖြင့် ပြောသွားတယ်။ ဘားကမ့်မှာလည်း တစ်ယောက်က
အကောင့်တွေခိုးတာကို ဟက်တာတဲ့ ကိုယ့်ဟာ့ကိုယ်အထင်ကြီးပြီးပြောသွား
တာလည်းတွေ့ရတယ်။ Software သုံးပြီးဟက်တာကတော့ လေးတန်းကလေး
အင်တာနက်သုံးတက်တာနဲ့တင် ဟက်တက်တယ်။ အဲဒါကိုသူသဘောမပေါက်ဘူးဖြစ်နေတယ်။

နောက်ထပ် ဒီလိုအမျိုးအစားနဲ့လူတစ်မျိုးလည်းရှိသေးတယ်။ Senior
တွေဘာလုပ်လဲ။ လုပ်တဲ့အတိုင်းလိုက်လုပ်တယ်။ သူက i-phone ဆိုရင် သူလည်း
အိုင်ဖက်လိုက်တယ်။ Android ဖက်လိုက်တယ်ဆိုရင် Android ကိုလိုက်တယ်။ PHP
ဆိုရင် သူလည်း PHP လိုက်လုပ်တယ်။ အဲဒါသူ့အတွက်မကောင်းဘူး။ ကြာလာရင်
ထူပူပြီး ဂေါက်သွားနိုင်တယ်။ အဓိကကတော့ ကိုယ်ဘာကိုစိတ်ဝင်စားလည်းစဉ်းစား၊
အဲဒါကိုသိရင် ကျန်တာဘာမှမလိုဘူး။ သင်တန်းလည်းမလိုဘူး။ ဆရာလည်းမလိုဘူး၊
Google သုံးတက်တာနဲ့တင် အဲဒီ Course
ကိုရူထောင့်အမျိုးမျိုးကနေပညာအမျိုးမျိုးရသွားလိမ့်မယ်။ သင်တန်းဆိုလို့
မြန်မာနိုင်ငံမှာ ကျွန်တော်ကြိုက်တဲ့သင်တန်း တစ်ခုမှ မရှိပါ။ အားလုံး
မသိတဲ့လူ၊ မတက်တဲ့လူ တွေကိုလိမ်နေကြတာပါ။

အဓိကပြောချင်တာက

၁။ ကိုယ် IT နယ်ပယ်ထဲ တကယ်ဝင်မယ်လို့ဆုံးဖြတ်ပြီးပြီလား။
၂။ အဲဒါဆိုရင် ကိုယ်ဘာကိုစိတ်ဝင်စားလဲဆိုတာသိအောင်လုပ်။
၃။ အဲဒီစိတ်ဝင်စားတဲ့ အရာကို သင်တန်းတက်မယ်ဆိုရင်လည်း သေချာသင်၊
ဆရာကိုပဲအားမကိုးနဲ့၊ အပြင် Resource တွေကိုလည်းရှာ၊
၎။ တကယ်တက်လို့အလုပ်စလုပ်မယ်ဆိုရင် ပထမဦးဆုံး အလုပ်မှာ
အလကားနီးပါးလုပ်ပေးလိုက်၊ (ပညာရအောင်လို့၊ ငါသင်တန်းပြီးပြီ၊ ငါ
ပိုက်ဆံဘယ်လောက်ယူမယ်ဆိုတာမျိုးသွားမလုပ်နဲ့၊ အဲဒါဆိုရင် ဘာအလုပ်မှ
ရမှာမဟုတ်ဘူး)
၅။ ကိုယ်သိနေတဲ့နေရာမှာပဲ ရပ်မနေနဲ့ ဒီကနေပြီးတော့ နောက်ထပ် Level
တွေတက်နိုင်အောင်လုပ်၊

ဒီလိုမျိုးပြော၊ ဒီလိုမျိုးရေးတဲ့ကောင်ရော ဘာကောင်မို့လို့လဲဆိုတော့
ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး။ ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက်မှာ
တွေ့ကြုံခဲ့ရတာတွေကိုရေးသားခြင်းဖြစ်တာပါ။ ဒါကြောင့်မို့လို့
ကျွန်တော်လည်း ဝေဝါးနေတဲ့ ကျွန်တော်ရဲ့ လမ်းကို
ဆက်လက်လျှောက်လှမ်းလိုက်ပါဦးမယ်။

ကျေးဇူးပါ
ပြည့်စုံ(ဂျစ်ပဆီ)

No comments:

Twitter Bird Gadget